Showing posts with label youth management. Show all posts
Showing posts with label youth management. Show all posts

Sunday, August 8, 2010

စီမံခန့်ခွဲမှုနှင့်လူငယ်

စီမံခန့်မှုဆိုသည်မှာ လူတိုင်း၊ အဖွဲ့အစည်းတိုင်းတွင် မိမိတို့သတ်မှတ်ထားသော ရည်ရွယ်ချက် ပန်းတိုင်ဆီသို့ ပြီးမြောက်အောင်မြင်စွာ ရောက်ရှိနိုင်ရန် အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းဟူ၍ ရိုးရှင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။ လူ့ဘဝတွင် ပုခက်တွင်းမှသည် သေဆုံးသည်အထိ စီမံခန့်ခွဲမှုနှင့် ကင်းလွတ် သည်ဟူ၍ မရှိပေ။

ငယ်ရွယ်စဉ်ကလေးဘဝတွင် မိဘတို့၏ အချိန်မှန်မှန်ပြုစုကျွေးမွေး စောင့်ရှောက်ခြင်း ကိုခံရပြီး ထိုကာလလွန်မြောက်သော် မိမိ၏ ဘဝတစ်လျှောက်လုံးတွင် အဆင်ပြေစွာ နေထိုင်နိုင်ရန် မိမိ၏ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှနှင့် လုပ်ဆောင်ရတော့သည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် မိမိအတွက် အချိန်၊ ငွေကြေး၊ အောင်မြင်မှု၊ ဆုံးရှုံးနစ်နာနိုင်မှု စသဖြင့် စီမံခန့်ခွဲမှုပေါင်းစုံနှင့် ကြုံဆုံရတော့သည်။

ငယ်စဉ်ကတည်းက မိဘကအခြေချပျိုးထောင်ပေးခဲ့သော လုပ်ဆောင်ချက်ကောင်းများအား ဂရုတစိုက် ထိန်းသိမ်းမွေးမြူရင်း ဘဝလှေကားထစ်များကို ဖြတ်သန်းရပေမည်။ လူငယ်လူရွယ်ဘဝမှ စတင်ကာ မိမိကိုယ် ကို စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှသာ
နောင်တစ်ချိန်တွင် အများတကာထက်သာသူ ဖြစ်လာနိုင်မည်ဖြစ်သည်။

ငယ်စဉ်ကတည်းက အချိန်ကို အကျိုးရှိစွာ သုံးစွဲနိုင်ခြင်းသည်လည်း စီမံခန့်ခွဲမှုကောင်းတစ်ခုကို လုပ်ဆောင်နေသည်နှင့် အလားတူပင်ဖြစ်သည်။ လူငယ်ဘဝတွင် လွတ်လပ်ပျော်ရွှင်စွာနေထိုင်ခြင်းနှင့် အချိန်ဖြုန်းခြင်းကို သိသာစွာ နားလည်ပြီး မိမိဝါသနာပါရာ၊ စိတ်ဝင်စားရာ၊ ဗဟုသုတရဖွယ်ရာများကို လေ့လာသင်ယူလုပ်ဆောင် နေရမည်ဖြစ်သည်။

လူတိုင်းသည် မိမိဘာသာ သတိမထားမိဘဲ စီမံခန့်ခွဲမှုများကို နေ့စဉ်နှင့်အမျှလုပ်ဆောင်နေကြရသည်။ ကျောင်းသားအရွယ် လူငယ်များတွင်လည်း မိမိ၏ပညာရပ်ဆိုင်ရာ တိုးတက်မှုများရနိုင်စေရန် သက်ဆိုင်ရာ ဘာသာရပ်အလိုက် လေ့လာရာတွင်လည်း အချိန်နှင့်တပြေးညီ စီမံခန့်ခွဲနိုင်ရန် လိုအပ်ပါသည်။ ထိုသို့မဟုတ် ဘဲ မလိုအပ်သောနေရာများတွင် အချိန်ပေးမိပါက ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပါမည်။ သို့ဖြစ်ပါ၍ ယခုလူငယ်ဘဝ ကပင် မိမိကိုယ်ကို စီမံခန့်ခွဲနိုင်ပြီး အောင်မြင်ပျော်ရွှင်သော ဘဝလမ်းကို လျှောက်လှမ်းနိုင်ရန် ကြိုးစားရမည် ဖြစ်ပါသည်။