Sunday, January 31, 2010

မြန်မာ့ပန်းပုလက်ရာများ


တိမ်မြုပ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ပန်းပုလက်ရာများကို ဆရာစံပလာဇာတွင် ပြပွဲအဖြစ်ခင်းကျင်းပြသထားတဲ့အထဲက
အနည်းငယ်သောပုံများကို sharing လုပ်ထားပါတယ်.....

Thursday, January 28, 2010

Top 10 Geopolitical Risks of 2010

ကျွန်မ ဖတ်ထားမိသော စာများထဲမှ တတ်သလောက် မှတ်သလောက် sharing လုပ်ထားခြင်းဖြစ်ပါတယ်....

နိုင်ငံတကာဥာဏ်ကြီးရှင်များအဖွဲ့များမှ ၂ဝ၁ဝ ခုနှစ်တွင် တစ်ကမ္ဘာလုံးမှ တွေ့ကြုံရနိုင်သော ကမ္ဘာ့နိုင်ငံရေးဆိုင်ရာ စွန့်စားရမှုများ (geopolitical risks) ထဲမှ ထိပ်တန်း ၁ဝ ခုကို လတ်တလောတွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်နှင့် တရုတ်နိုင်ငံကြားဆက်ဆံရေးမှာ ရှေ့ဆုံးမှရှိနေသည်။ အမေရိကန်ပြည်ထောင်စုတွင် အလုပ်လက်မဲ့ ၁ဝရာခိုင်နှုန်းရှိနေပြီး တရုတ်နိုင်ငံ၏တိုးတက်မှုနှုန်းမှာ ၁ဝ ရာခိုင်နှုန်းရှိနေသည်။
အဆိုပါ စွန့်စားမှု ၁ဝ ခုမှာ
၁။ အမေရိကန်-တရုတ်နိုင်ငံတို့၏ ဆက်ဆံရေး
၂။ အီရန်အရေး
၃။ ဥရောပဘဏ္ဍာရေးမူကွဲမှုများ
၎။ အမေရိကန်နိုင်ငံဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ
၅။ ဂျပန်အရေး
၆။ ရာသီဥတုပြောင်းလဲမှု
၇။ ဘရာဇီးနိုင်ငံအရေး
၈။ အိန္ဒိယ- ပါကစ္စတန်အရေး
၉။ အရှေ့ဥရောပနိုင်ငံများ၏ ရွေးကောက်ပွဲများနှင့် အလုပ်လက်မဲ့များအရေး
၁ဝ။ တူရကီအရေး တို့ဖြစ်ပါသည်။
http://www.huliq.com/1/90195/top-10-geopolitical-risks-2010

Tuesday, January 19, 2010

မင်္ဂလာနှစ်သစ်ပေါ့နော်....


၂၀၁၀ ခုနှစ်ကတော့ မင်္ဂလာနှစ်သစ်လို့ ပြောရမလိုဖြစ်နေပြီ။

ဘာလို့လဲဆိုတော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ဖြစ်တဲ့
မဝေမြိုင်စိုးနှင့် ကေကေ၊ နောက်ပြီးတော့ ကျွန်မရဲ့ သူငယ်ချင်း နိုင်နိုင်
(သူကတော့ ဘယ်လလဲဆိုတာ မသိသေးပါ)၊ အင်း..နောက်တော့
ကျွန်မက သူ့ဘလော့တွေဝင်ဖတ်ရင်း ကဗျာတွေကို အားပေးဖြစ်နေတဲ့
ကိုကောင်းကင်ကို ...သူတို့တွေအားလုံးက ဒီနှစ်ထဲမှာ သက်ဆိုင်သူတွေနဲ့
လက်တွဲဖော်တွေနဲ့ ပျော်ရွှင်စွာ လက်တွဲကြတော့မယ်...

ကျွန်မကတော့ ပျော်လည်းပျော်တယ်....၀မ်းလည်းနည်းတယ်...
ဘာလို့ပျော်လဲဆိုတော့ သူငယ်ချင်းတွေ ပျော်တာတွေ့လို့ပေါ့...
ဝမ်းနည်းတာကတော့ နောက်..သူတို့အိမ်ထောင်တွေနဲ့သူတို့ ဆိုရင်...
တဖြည်းဖြည်းနဲ့ ကျွန်မကို မေ့သွားမှာကိုပါဘဲ...

တစ်ခုတော့ရှိတယ်..ကျွန်မရဲ့ ကျောင်းတုန်းကသူငယ်ချင်း ၀င်းယု ကတော့
အခု ကလေးနှစ်ယောက်ရပြီး အလုပ်ရှုပ်နေတဲ့ အချိန်အထိ ကျွန်မကို သတိရနေသေးတယ်....
ဝမ်းလည်းသာတယ်...ကျေးဇူးလည်း အရမ်းတင်တယ် ၀င်းယုရေ....

Friday, January 15, 2010

အသက်မကြီးချင်ဘူး မေမေ

ကျွန်မရဲ့ အစ်မ မဖြိုးလေ သူပို့ပေးတဲ့ ကဗျာလေးပါ.....
ခံစားချက်ခြင်းတိုက်ဆိုင်သွားလို့ပါ ....

မေမေ....
သမီး အသက်မကြီးချင်ဘူး မေမေ
သမီးရဲ့ ဖြူစင်ခြင်းတွေ တဖြည်းဖြည်းနဲ့  စွန်းထင်း
အပြစ်တွေ မကင်းတော့မှာကို
သမီး ကြောက်တယ်။

မေမေ.....
အမှားတစ်ခု ကျုးလွန်မိရင်
ငယ်ငယ်ကလို ခွင့်လွှတ်ခြင်း
လွယ်လွယ်နဲ့  အပ်နှင်း မခံရတော့မှာကိုလည်း
သမီး ကြောက်တယ်။

မေမေ.....
လူမှူဆက်ဆံရေး နယ်ပယ်ကြား
သမီး ၀င်တိုးရတဲ့အခါ
မူယာ မာယာများ
ကောက်ကျစ်တဲ့ လူစားမျိုးနဲ့ တွေ့ ဆုံ
ဒုက္ခတွေ ကြုံမှာကိုလည်း
သမီး ကြောက်တယ်။

မေမေ......
သမီးရဲ့  ရိုးသာတဲ့ တွေးခေါ်ယူဆချက်
လူတွေက စည်းဘောင်ခတ်လို့ 
အနေကျပ် စေမဲ့ အခြေအနေ တစ်ခုမှာ
ရင်ဆိုင်ရမှာကိုလည်း
သမီး ကြောက်တယ်။

မေမေ.....
ခံစားတတ်တဲ့ နှလုံးသား
အချစ်ဆိုတာ ရှိလာတော့
တစိမ်းသူရဲ့  ခေါ်ရာနောက်
သမီး လိုက်သွားရတော့မယ်ဆိုရင်
အခုလို တစ်မိုးအောက်
မေမေနဲ့  နှစ်ယောက်အတူ မနေရတော့မှာကိုလည်း
သမီး ကြောက်တယ်။

မေမေ....
ရက်တွေပြောင်း လတွေဟောင်းလို့
နှစ်တွေထောင်းလာတဲ့ အခါ
တစ်နေ့ နေ့ မှာ မေမေနဲ့  ခွဲခွာ
တစ်ယောက်ထဲ ကျန်ရစ်
လမ်းပြကြယ်မဲ့ ဘ၀မျိုးကိုလည်း
သမီး ကြောက်တယ်။

မေမေ.......
သမီး ကြောက်တဲ့ အရာမျိုးတွေနဲ့ 
ဘယ်တော့မှာ မကြုံချင်မိ
အခုလို ငြိမ်းအေးစွာ ရှိနေဖို့ 
ဖြစ်နိုင်မယ် ဆိုရင်လေ
အချိန်တွေကို ဒီတင်ရပ်
သမီး အသက်မကြီးချင်ဘူး မေမေ။............။

Tuesday, January 12, 2010

အချစ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်....

ညီမလေး ယဉ်မင်းဦးပို့ပေးထားတဲ့ mail ကနေ ကြိုက်လို့ ကျွန်မလည်း ဆားချက်ပြီး တင်လိုက်ပါတယ်...



ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့ အချစ်မျိုးပါ….
ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ
အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က
ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ
ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….

“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..
အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး
ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို
ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့
စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့
အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ
ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့
ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ
တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က
သူ့ကို စကား စပြောလိုက်တယ်…

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက်
လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ
မနက်စာ စားနေကြလေ…..”

“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …
နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ
ရောက်နေတာပါကွယ်..”

ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့

“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို
စိတ်ဆိုးမှာလား”..

*“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ
ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”*

ကျွန်တော် အတော်လေးအံ့သြသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း
မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ
ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”


အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာ
ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

*” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ
သိနေသေးတယ်လေ” *

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်
ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော်
ကြိုးစားပြီး ထိန်းလိုက်ရတယ်… အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က
ထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က
နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ
ခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ
ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့
ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့
အချစ်မျိုးပါ…..

အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး…. စိတ်ခံစားမှု သက်သက်လဲ
မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က
အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့ အချစ်ကို
အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား…..
ကျွန်မတို့ တွေရဲ့ဘ၀မှာ *အချစ်စစ် *ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ်
… ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့...
အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်…
ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင်
သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်….
ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့
တန်ဖိုးထားလေးစားရမှာပါ……