Thursday, May 6, 2010

ရွေးကောက်ပွဲ အတွက် အတွေးတစ်ချို့

ပိတောက်မြေမှ ဆောင်းပါးကို လေ့လာဖတ်ရှုနိုင်ရန် ပြန်တင်ထားတာပါ။

Wednesday, May 5, 2010
ရွေးကောက်ပွဲ အတွက် အတွေးတစ်ချို့

အစိုးရက ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ပြီးတဲ့ အချိန်ကစပြီး ဆန့်ကျင်သူတွေ ရှိနေသလို ၀င်ပြိုင်ဖို့ အတွက် မှတ်ပုံတင် လျှောက်ထားတဲ့ ပါတီတွေ ကလည်း မေလ ၅ ရက်နေ့ အထိ ပါတီအသစ်က ၃၀ ရှိပြီး အဲဒီ အထဲက ၂၄ ခုကို တည်ထောင်ခွင့် ပြုထားတယ်လို့ သတင်းစာများ အရ သိရပါတယ်။ အဲဒီ ပါတီတွေဟာ သတ်မှတ်ထားတဲ့ ပါတီဝင် အရေအတွက်ကို ပြည့်အောင် စုနိုင်တဲ့ အခါ ပါတီအဖြစ် မှတ်ပုံတင်ခွင့် ရမှာ ဖြစ်ပါတယ်။ တည်ဆဲ ပါတီ ၁၀ ခုအနက် ၆ ခု ကလည်း ပြန်ပြီး မှတ်ပုံတင် ထားတာ တွေ့ရပါတယ်။ မှတ်ပုံတင်တဲ့ အထဲမှာ ပြည်နယ်ရ တိုင်းရင်းသား အားလုံးရဲ့ ပါတီတွေ ပါလာတာကို တွေ့ရပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသ ရထားတဲ့ တိုင်းရင်းသားများ ထဲက နာဂနဲ့ ဓနု အမျိုးသား ပါတီများ ဖွဲ့တာ မတွေ့ရသေး ပါဘူး။ ဒီတော့ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ဒေသအဆင့် လွှတ်တော်များ အတွက်ရော၊ ပြည်ထောင်စု အဆင့် လွှတ်တော်များ အတွက်ပါ ယှဉ်ပြိုင်ဖို အတွက် ပါတီတွေ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဘယ်သူတွေက ဘယ်အဆင့်မှာ ပြိုင်မယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒီအချိန်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွေးမိတာလေး တွေကို မျှဝေ ဆွေးနွေး ကြည့်ချင်ပါတယ်။

ရွေးကောက်ပွဲကို သပိတ်မှောက် သင့်သလား

အခုအချိန်မှာ ရွေးကောက်ပွဲမှာ မဲမပေးဘဲ သပိတ်မှောက်ဖို့ ပြောဆိုတာတွေ ရှိပါတယ်။ အဲဒီနည်းလမ်း မဖြစ်နိုင်ဘူးလို့ ဆိုချင်ပါတယ်။ ဒီလိုပြောတာ အကြောင်းနှစ်ခု ရှိပါတယ်။ ပထမတစ်ချက်က အတိုက်အခံများက သပိတ်မှောက်ဖို့ တောင်းဆို နေချိန်မှာ မဲသွားမပေးဘူး ဆိုရင် အတိုက်အခံ လုပ်သူလို့ အာဏာပိုင်တွေက အမျက် ထားမှာကို ကြောက်တဲ့ အချက် ဖြစ်ပါတယ်။ ဒီအချက်ကြောင့် အကြောင်း ကြောင်းကြောင့် မဲမပေးနိုင် ရင်တောင် ကြိုတင် မဲပေးကြမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ စနစ်ကြောင့် ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ထဲက မြန်မာနိုင်ငံရဲ့ မဲပေးမှု စနစ်ဟာ အင်္ဂလိပ် စနစ်ကို အခြေခံခဲ့တာပါ။ ဒါ့ကြောင့် မဲဆန္ဒနယ် တစ်ခုမှာ အများဆုံးရတဲ့ ကိုယ်စားလှယ် တစ်ဦးက အနိုင်ယူတဲ့စနစ် winner take all ဖြစ်ပါတယ်။ နောက်ပြီး အနောက် ဥရောပနဲ့ လက်တင် အမေရိက နိုင်ငံများမှာ အသုံးများတဲ့ ထောက်ခံမဲ အနည်းဆုံး ငါးဆယ် ရာခိုင်နှုန်း မကျော်ရင် မဲ အများဆုံးရသူ နှစ်ဦးကို ပြန်ပြိုင်ခိုင်းတဲ့ စနစ် မဟုတ်ဘဲ Simple Majority နဲ့ အနိုင်ပေးတဲ့ စနစ် ဖြစ်ပါတယ်။ ဒါ့အပြင် မဲဆန္ဒနယ် တစ်ခုမှာ မဲပေးသူ အနည်းဆုံး ဘယ်နှစ် ရာခိုင်နှုန်း မဲပေးမှ ရွေးကောက်ပွဲ ထမြောက်တယ် ဆိုတဲ့ ကန့်သတ်ချက်လည်း မရှိပါဘူး။ ဒါ့ကြောင့် သပိတ်မှောက်တယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတာ ဖြစ်ပါတယ်။

ဘယ်လို ပြိုင်သင့်သလဲ

အခု မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီတွေထဲက တိုင်းရင်းသား အခြေခံပါတီ အများစုဟာ မိမိတို့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်များ အတွက် အဓိကထား ယှဉ်ပြိုင်ဖို့ များမယ် ထင်ပါတယ်။ ဒေါက်တာ တူးဂျာ တို့ကတော့ ကချင်ပြည်နယ် မှာပဲ ပြိုင်မယ် လို့ ပြောတာ တွေ့ရပါတယ်။ ဒီပါတီတွေ ကတော့ မဲပေးမှု တွေဟာ မိမိတို့ လူမျိုးစု အလိုက် သွားမှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်နေတာ ဖြစ်ပါတယ်။ ၉၀ တုန်းကလည်း ရှမ်းပြည်နယ်၊ ကိုးကန့်၊ ပအိုးဝ်၊ ရခိုင် ဒေသများမှာ လူမျိုးစု အစွဲနဲ့ မဲပေး သွားခဲ့ကြတာ တွေ့ရတော့ အခုလည်း ဒီပုံစံအတိုင်း ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ပြည်ထောင်စု အဆင့်ဖြစ်တဲ့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် နေရာတွေမှာ အင်အား ကောင်းကောင်းနဲ့ ၀င်ပြိုင်နိုင်တဲ့ ပါတီ ဆိုလို့ ပြည်ခိုင်ဖြိုးနဲ့ တစညပဲ ရှိတဲ့သဘော ဖြစ်နေပါတယ်။ ကျန်ပါတီ တွေက တစ်ချို့ဆိုရင် တိုင်းဒေသကြီး နှစ်ခုလောက် မှာပဲ ဝင်ပြိုင် နိုင်မယ်လို့ ပြောနေတာ ရှိပါတယ်။

အဲဒီလိုဆိုရင် မဲဆန္ဒရှင်တွေ အနေနဲ့ မဲဆန္ဒနယ်အများစုမှာ ရွေးချယ်ခွင့် အတော် နည်းသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခါ မဲဆန္ဒနယ် တစ်ခုမှာ ယှဉ်ပြိုင်သူ တစ်ယောက်ပဲ ရှိရင် ရွေးကောက်ပွဲ မလုပ်ဘဲ တစ်ခါတည်း အနိုင် ပေးနိုင်တယ် ဆိုတဲ့ အချက်ကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ ပါတီတွေ အနေနဲ့ မဲဆန္ဒနယ် အများအပြားမှာ ၀င်မပြိုင် နိုင်တာက မြို့နယ်တိုင်း မှာ ရုံးဖွင့် စည်းရုံးနိုင်ဖို့ လိုအပ်တဲ့ စည်းရုံးရေး အင်အား မရှိတာရယ်၊ ကိုယ်စားလှယ်လောင်း တစ်ဦးကို ငါးသိန်း သွင်းရမယ့် အခြေအနေ တွေကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေ တွေကို ကျော်လွှားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက တစ်သီးပုဂ္ဂလ အမတ် များများ ၀င်ပြိုင်ဖို့ပဲ ဖြစ်ပါတယ်။ Voice ဂျာနယ်မှာ ဒေါက်တာ နေ၀င်းမောင်က မြို့နယ် အလိုက် စိတ်တူကိုယ်တူ သူများ စုပြီး ဒေသအကျိုး လုပ်နိုင်မယ့် တစ်သီးပုဂ္ဂလ အမတ်များ ၀င်ပြိုင်ဖို့၊ လူတစ်ဦးကို ငွေငါးရာ ထည့်ရင် လူတစ်ထောင် ဆိုရင် ငါးသိန်း ရနိုင်တယ် ဆိုပြီး ရေးသွားတာ တွေ့ရပါတယ်။ ဒီနည်းလမ်း ဟာလည်း စဉ်းစားသင့်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ကိုယ့်မြို့နယ်မှာ ကိုယ်ပြိုင်တဲ့ အတွက် ကုန်ကျစရိတ်လည်း အများကြီး နည်းသွား နိုင်ပါတယ်။ ဒီလူတွေ လွှတ်တော်ထဲ ရောက်သွားတဲ့ အခါ ၀ါဒတူရာ အစုအဖွဲ့လေးများ ဖွဲ့ပြီး မဲပေးနိုင်မှာလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထဲက ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း တို့လို ရွေးကောက်ပွဲ ၀င်သင့်တယ်လို့ ယူဆသူများ ဟာလည်း ဒီနည်းလမ်းနဲ့ တစ်သီးပုဂ္ဂလ အဖြစ် ပါဝင် လာနိုင်မှာ ဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ

၉၀ အတွေ့အကြုံအရ ပြောရရင် မဲပေးတဲ့ နေရာ၊ မဲရေတွက်တဲ့ နေရာမှာ နိုင်ငံတကာ လက်ခံနိုင်တဲ့ လွတ်လပ်ပြီး တရား မျှတမှု အခြေအနေ ရှိခဲ့ပေမယ့် မီဒီယာ လွတ်လပ်မှုနဲ့ ပါတီများရဲ့ ဆွေးနွေး ဟောပြောမှု တွေမှာ ကန့်သတ်ချက် အတော် များခဲ့ပါတယ်။ အခု အချိန်မှာတော့ ပါတီတွေရဲ့ စာအုပ် စာစောင်တွေကို စာပေစိစစ်ကို ကြိုတင်ဖို့ မလိုပဲ ထုတ်ပြီးမှ တင်ပြခွင့် ပေးတာ၊ လက်ရှိ ဂျာနယ်တွေမှာ ရေးခွင့်ပြုလာတဲ့ အခြေအနေ တွေကို ကြည့်ရင် တရားဝင် မဲဆွယ်ခွင့် ပြုတဲ့ ကာလမှာ ပိုပြီး လွတ်လပ်တဲ့ အခြေအနေ တစ်ခု၊ ၉၀ တုန်း ကထက် ပိုပြီးကောင်းတဲ့ အခြေအနေ တစ်ရပ် ရောက်မယ်လို့ ထင်ပါတယ်။ ပါတီနဲ့ ကိုယ်စားလှယ်လောင်းများ ဘက်ကလည်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ၊ အဓိကရုဏ်း ဖြစ်အောင် လှုံ့ဆော်တာတွေ မလုပ်ဘဲ မိမိပါတီ၊ မိမိမူဝါဒ ကိုပဲ တင်ပြ ပြောဆိုကြမယ် ဆိုရင် အခြေအနေ ပိုကောင်း နိုင်ပါတယ်။ နောက်တစ်ခု အရေးကြီး တာက ပြည်သူများရဲ့ စောင့်ကြည့်မှု ကဏ္ဍ ဖြစ်ပါတယ်။ မဲရုံတွေမှာ မဲရေတွက်တဲ့ အခါ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်း များရဲ့ ကိုယ်စားလှယ်များ အပြင် အများပြည်သူ တွေကို ကြည့်ရှု့ခွင့် ပေးထား ပါတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး ပြည်သူတွေ အနေနဲ့ စောင့်ကြည့် လေ့လာမှုတွေ လုပ်ဖို့လည်း လိုပါတယ်။ တနည်း အားဖြင့် Voter Education ကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဖို့ လိုပါတယ်။

အနာဂတ် အတွက် ပြင်ဆင်

အခုအချိန်မှာ ထောက်ခံသူရော၊ ဆန့်ကျင်သူ တွေကပါ ရွေးကောက်ပွဲ ကိုပဲ အာရုံစိုက်နေ ကြပါတယ်။ ရွေးကောက်ပွဲလွန် ကာလ နိုင်ငံရေး၊ အုပ်ချုပ်ရေး အခြေအနေများ အတွက် စဉ်းစား ပြောဆိုတာ အတော် နည်းပါတယ်။ ရွေးကောက်ပွဲလွန် ကာလကို ပြောရင်လည်း စစ်တပ်က ဆက်ပြီး လက်ဝါးကြီး အုပ်ထားမှာပါ ဆိုတဲ့ ပြောလုံးမှာပဲ ရပ်သွားတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာ သီးခြား လွှတ်တော်နဲ့ သီးခြား အစိုးရ အဖွဲ့များ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလွှတ်တော်များဟာ ပြည်နယ်နှင့် တိုင်းဒေသကြီး များက ပြဋ္ဌာန်းခွင့် ရှိတဲ့ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြည်နယ် အစိုးရ အဖွဲ့ကို ကြီးကြပ်ခြင်းတို့ လုပ်ရမှာ ဖြစ်ပါတယ်။ တစ်ခါ ၀န်ကြီးချုပ် ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ ကလည်း သမ္မတနဲ့ ညှိနှိုင်းပြီး ပြည်နယ် အုပ်ချုပ်ရေး ကိစ္စတွေ လုပ်ဖို့ ဌာနတွေ ဖွဲ့ရပါဦးမယ်။ ဒီအုပ်ချုပ်မှု ပုံစံဟာ အရင် အခြေခံ ဥပဒေ နှစ်ခုမှာ မပါခဲ့တဲ့ ပုံစံ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ပြည်ထောင်စု အစိုးရရဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာန ရှိသလို ပြည်နယ်က စီမံခန့်ခွဲခွင့် ရှိတဲ့ လမ်းတံတားများ အတွက် ပြည်နယ်ကလည်း ဆောက်လုပ်ရေး ၀န်ကြီးနဲ့ ဌာနတွေ ရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂါတ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ပုံစံဟာ အရင်ထက် အများကြီး ကြီးမား ပါလိမ့်မယ်။ ဒီအသစ် ပေါ်လာမယ့် ပြည်နယ်အဆင့် ဌာနတွေ အတွက် အရည်အချင်း ပြည့်တဲ့ ၀န်ထမ်းများ ရရှိရေး၊ လုပ်ထုံးလုပ်နည်း စနစ်များ သတ်မှတ်ရေး တို့ဟာ ရွေးကောက်ပွဲလွန် ကာလမှာ လုပ်ရမယ့် အလုပ်တွေ ဖြစ်ပါတယ်။ ဒီလိုပဲ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များရဲ့ ဥပဒေပြုရေး၊ ပြည်နယ်၊ တိုင်း ဒေသကြီးများရဲ့ တရားစီရင်ရေးတို့ အတွက် ဥပဒေရေးရာ ကျွမ်းကျင်သူ တွေလည်း အများကြီး လိုမှာ ဖြစ်ပါတယ်။ အဲဒီ နေရာတွေမှာ အရည်အချင်း ရှိတဲ့ လူငယ် မျိုးဆက်သစ်တွေ များများပါလေ ရွေးကောက်ပွဲလွန် နိုင်ငံရေးဟာ ပိုပြီး ပီပြင်လေ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်သလို ရွေးကောက်ပွဲလွန် ကာလ အတွက်လည်း ပါတီတွေ၊ ပြည်သူတွေက ပြင်ဆင်ဖို့ လိုပါတယ်။

No comments: